ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ကြံခင်းမြို့နယ်၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်

ဇူလိုင်(၂၉)ကြံခင်း

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်  လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်း အဝေးကို (၂၉.၇.၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီအချိန် ကြံခင်းမြို့၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ  တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းမှ စီမံကိန်းအနေဖြင့် ကျား/မရေးရာကဏ္ဍအားအမှန်တကယ်ဆောင်ရွက်နေကြောင်း၊ လူထုဗဟိုပြုစီမံကိန်း၏ အကျိုးကျေးဇူးများဖြစ်သည့် ပူးပေါင်းဆောင်ရွက်တတ်ပြီး ပွင့်လင်းမြင်သာစွာချပြဆောင်ရွက်တတ်ကာ အခြေခံကျသောစိတ်ဓာတ်နှင့်အလေ့အထကောင်းများအားသားစဉ်မြေးဆက်အမွေပေးနိုင်ကြမည်ဟုယုံကြည်ပါ ကြောင်းနှင့် ကျေးရွာများသို့ ကွင်းဆင်းလေ့လာမှုအရ လုပ်ငန်းပြီးစီးမှုအစီအစဉ်နှင့် မပြီးစီးသေးသည့်လုပ်ငန်း အစီအစဉ်များရေးဆွဲထားရှိတတ်သည့် နည်းလမ်းများသည် Bottom to Up  စီစဉ်ချိတ်ဆက် ဆောင်ရွက်တတ်သည့် စွမ်းရည်နှင့် ဓလေ့များရရှိလာနိုင်သောကြောင့် ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ  လ/ထ ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်းမှ သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးဦးစီးမှူး ဦးကျော်ကျော်လွင်မှ စီမံကိန်းမှရရှိသောစနစ်များနည်းလမ်းများအား အဆင့်ဆင့်လက်ဆင့်ကမ်း သင့်ပါကြောင်းနှင့် ကျေးရွာများသို့ ဝင်ရောက်လာသည့် တစ်ခြားစီမံကိန်းများကိုလည်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်သည့်နည်းလမ်းများကို နည်းနာယူပြီးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဒေါ်ခင်ပုံ့ပုံ့ချစ်မှ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား Video Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သုံးသပ် ဆွေးနွေးပွဲတက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီဝင်များမှ အုပ်စု (၇) အုပ်စု ခွဲကာ (၁) လူထုပူးပေါင်းပါဝင်မှု၊ (၂) ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ (၃) ဝယ်ယူရေး၊ (၄) ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး၊ (၅) တည်ဆောက်ရေးနှင့် လည်ပတ်ပြုပြင်ထိန်းသိမ်းရေး(၆) စောင့်ကြည့်ကြီးကြပ်ရေးနှင့် (၇) အခြားစသည့် ခေါင်းစဉ် (၇) ခုဖြင့် အားသာချက်၊ အားနည်းချက်များနှင့် စီမံကိန်းအားပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အကြံပြုချက်ကောင်းများထွက်ပေါ်လာစေရန် ဆွေးနွေးစေခဲ့ပါသည်။  ထိုသို့ဆွေးနွေးနေစဉ် တက်ရောက်လာသော ဌာနဆိုင်ရာများမှ (ပ၊ ဒု၊ တ) ဆုရကျေးရွာအုပ်စုနှင့်ကျေးရွာများအား စံနှုန်းများနှင့် ရွေးချယ်စေခဲ့ပါသည်။ ဆက်လက်၍ အုပ်စုဖွဲ့ဆွေးနွေးမှုရလာဒ်များ အုပ်စုကိုယ်စားလှယ်အသီးသီးမှ ရှင်းလင်း တင်ပြပြီးမြို့နယ် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းစိုးဦးမှ ဆုရွေးချယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဆုရွေးချယ်ရေးစံနှုန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များမှ သိလိုသည့်အကြောင်းအရာများ မေးခွန်းများမေးမြန်းခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းမင်းထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များမှ ဖြေကြားခဲ့ပါသည်။

  ဆုရကျေးရွာအုပ်စု/ကျေးရွာများမှာ  ပထမ ဆုအနေဖြင့် အလိုအုပ်စု၊ ဒုတိယဆုအနေဖြင့် ဆုံလဲအုပ်စုနှင့် တတိယဆုအနေဖြင့် ပိုးစုကြီးအုပ်စုမှ အသီးသီးလည်းကောင်း၊ ဆုရကျေးရွာအနေဖြင့်  ပထမဆုအနေဖြင့် စပါးအိုအရှေ့၊ ဒုတိယဆုအနေဖြင့် ပန်းပင်ကုန်းကျေးရွာနှင့် တတိယဆုအနေဖြင့် မြင်သာကျေးရွာမှလည်းကောင်း အသီးသီးဆုချီးမြှင့်ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦနေထက်ရှိန်နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။