တိုင်းဒေသကြီးအဆင့် လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ် တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ယမန်နေ့ (ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့) နံနက် ၈ နာရီခွဲက မကွေးမြို့တော်ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်အားဖြည့်ပေးတဲ့ အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်း (Community Driven Development – CDD Project) ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း (၆၃) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ဆောင်ရွက် လျက်ရှိသည့် (၆၃) မြို့နယ်အနက်မှ မကွေးတိုင်းဒေသကြီးတွင် စေတုတ္တရာမြို့နယ်၊ မင်းတုန်း၊ ပေါက်၊ ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လူထုဗဟိုပြုစီမံကိန်း ပိုလျှံငွေကြောင့် မြို့နယ်(၁၃)မြို့နယ်အား ထပ်မံတိုးချဲ့ ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး တိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိတော့မှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ တိုင်းပြည် အတွင်းကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာတဲ့ ကာလမှာ ကျေးလက်နေ ပြည်သူ များရဲ့ လူမှုဘဝတွေလည်း တိုးတက်ဖွံ့ဖြိုးပြီး ဆင်းရဲမှုမှ လွတ်မြောက်မှ အနာဂတ်ကာလမှာ မြို့ပြ၊ ကျေးလက်ဖွံ့ဖြိုးမှု ညီမျှတဲ့ တိုင်းဒေသကြီးအဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းမှ လာရောက်ဆောင်ရွက်ပေးတဲ့ ခုလို အခွင့်အရေးမျိုးကို အကျိုးရှိရှိ အသုံးချတဲ့အနေနဲ့  ကိုယ်ဒေသ၊ ကိုယ်မြို့နယ်အတွင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းအကြံပြုပေးကြပါ၊ ရွေးချယ်ခံရရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးမှာ လုပ်ငန်း အကောင်အထည်ဖော်ပါက  လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီပြီး စိမံကိန်း အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က လူထုဗဟိုပြု စီမံကိန်းအကြောင်းနှင့် မြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အုပ်စုဖွဲ၍ စားပွဲဝိုင်း ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် က အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ ရွေးချယ်မှုရလာဒ်များအရ ဦးစားပေး (က) ငဖဲ မြို့နယ်၊ ဦးစားပေး (ခ) နတ်မောက်မြို့နယ်နှင့် ဦးစားပေး (ဂ) ဆင်ပေါင်ဝဲမြို့နယ်တို့ဖြစ်ကြောင်း ဆွေးနွေးမှု ရလဒ်များ တင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ဦးစားပေးမြို့နယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ ဆက်လက် အတည်ပြုချက်ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားကာ အစည်းအဝေး အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီ အသီးသီးမှဥက္ကဋ္ဌများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဘက် အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ဒေသအတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)