သံဖြူဇရပ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ဇူလိုင် ၁၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ Cash For Work စီမံကိန်းကျေးရွာအဆင့် စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဝေနှင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လက်ထောက်သင်တန်းမှူး ဦးခိုင်ဇော်မိုးက လုပ်ထုံးလုပ်နည်းပုံစံများ Cash For Work စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့်စီမံကိန်းစက်ဝန်း၊ ကော်မတီဝင်များ၏လုပ်ငန်းတာဝန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များ ၊ ငွေကြေးစီမံခန့်ခွဲမှုကိုရှင်းလင်းဆွေးနွေးပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းပြည်ထောင်စုအဆင့် နည်းပညာအကြံပေး ဦးစွမ်းထက်အောင်မြင်က အကျုံးဝင်သောလုပ်ငန်းများနှင့် အကျုံးမဝင်သောလုပ်ငန်းများ စီမံကိန်း လုပ်ငန်းခွဲအတွက် ပြင်ဆင်ခြင်းကိစ္စရပ်များ ၊ ဝယ်ယူရေးလမ်းညွှန်ချက်ပုံစံများကြီးကြပ်ခြင်းနှင့် သတင်းအချက်အလက် ကောက်ယူခြင်း ပုံစံများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လာကြသည့် ကျေးရွာ (၁၁) ရွာမှတာဝန်ခံ (၅၈) ဦးတို့ကသိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးပြီး သင်တန်းနည်းပြများမှလည်း လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ကော်မတီဝင်များတက်ရောက်ကြပြီး သင်တန်းကို တစ်ရက်တာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးသီ

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/14/07/2020/id-23835