တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း ပညာရေးဆိုင်ရာ အဆောက်အဦးများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မှာ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပညာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ အဆောက်အဦး များကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်ပေးအပ်ပွဲ အခမ်းအနားကို တော့ ဩဂုတ်လ ၂၁ ရက်နေ့က လူထု ဗဟိုပြု စီမံကိန်း အစည်းအဝေးခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်ထည်ဖော်ရေး ကော်မတီမှ ကိုယ်စားလှယ်ဖြစ်သူ လဝက မြို့နယ်ဦးစီးမှူး ဦးဆန်ထန်ခါရ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ လူထုဗဟိုပြုစီမံကိန်း မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ ပညာရေးဆိုင်ရာ လုပ်ငန်းများလွှဲပြောင်းပေးအပ်ရတဲ့ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်မှ ကျေးရွာပေါင်း (၁၀)ရွာရှိ မူလတန်းကြိုကျောင်း (၇)ကျောင်းနဲ့ အလယ်တန်းကျောင်း (၃)ကျောင်းတို့ရဲ့ ကျောင်းဆောင်များနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ များကို တွန်းဇံမြိုနယ် ပညာရေးမှူး ဦးထန်ရျင်းမုန်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ ကျောင်းဆောင်များလွှဲပြောင်းလက်ခံရယူခြင်းနဲ့ ပတ်သက်ပြီး ကျေးဇူးတင် ဝမ်းမြောက် စကား ပြောကြားကာ ကျေးရွာများရဲ့ ကိုယ်စား ကော်မတီဝင်တဦးမှလည်း စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ဌာနဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာ အကြံပေး အဖွဲ့ဝင်များနှင့် ကျေးရွာကော်မတီမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၇)ဦး တက်ရောက်ခဲ့ပါတယ်။

သတင်းပေးပို့သူ - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage