ဆောမြို့နယ် လယ်ဦး ကျေးရွာ Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan(CERP)အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကြိမ်ကြီးကျေးရွာအုပ်စု လယ်ဦးကျေးရွာ ရွာတွင်းလမ်းပြုပြင်ခြင်း၊ ရေနှုတ်မြောင်း အုတ်စီခြင်းနဲ့ မြေကာနံရံ တည်ဆောင်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်တာကြောင့် လုပ်ငန်း အကောင်အထည်ဖော်စဉ် ကာလအတွင်း တွေ့ကြုံရသော အခက်အခဲတွေ အားနည်းချက် အားသာချက် တွေနဲ့ လူထုရဲ့ ရင်တွင်းစကားတွေကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနဲ့ အဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့မှာ သွားရောက် မေးမြန်းရာမှာ ကျေးရွာလူထုတွေက ယခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်မကတော့ လယ်ဦးကျေးရွာ Cash for Work စီမံကိန်းမှ ကျေးရွာ စာရင်းကိုင် ဒေါ်ခင်မေဖြစ်ပါတယ်။ အခုလမ်း လုပ်ငန်းကြီး ဟာဆိုရင် အမျိုးသားတွေ သာမက အမျိုးသမီးတွေပါ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အတွက် အခုလို အောင်မြင်ခဲ့တာပါ။ အခုလို ရပ်ရွာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ကျွန်မတို့တွေအနေနဲ့ နေ့စားခအနေနဲ့ မိသားစု၀င်ငွေတွေရရှိခဲ့တဲ့အတွက် ၀မ်းသာကျေနပ် နေကြပါတယ်။ Cash for Work စီမံကိန်း လုပ်ငန်းတွေမှာ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားများနှင့် တန်းတူ ဆောင်ရွက်ခွင့်တွေ ရခဲ့ပါတယ်။ အဲလိုတွေ ဆောင်ရွက်ခဲ့ရင်းနဲ့ စိတ်ဓါတ် စွမ်းဆောင်ရည်တွေ မြင့်တက်လာ ကြပြီးနောက် ထပ်ရပ်ရွာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တက်ကြွနေကြပါပြီ။ အခုလိုမျိုး ကပ်ရောဂါကာလမှာ ကျေးရွာလူထုတွေကို ၀င်ငွေအခွင့်အလမ်းတွေ ရရှိအောင်သာမက အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကိုလဲ ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး အခု ရိုက်ကူးနေတဲ့ ရုပ်သံကို ကြည့်ရှုနေကြသူတွေ အနေနဲ့လဲ ကျွန်မတို့ လယ်ဦး ကျေးရွာလေးကို အလည်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။”

“ကျနော်ကတော့ မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆော မြို့နယ် ကြိမ်ကြီးအုပ်စု လယ်ဦးကျေးရွာက ဦးခင်မောင် ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဒီ Cash for Work စီမံကိန်းမှာတော့ ကော်မတီ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျနော်တို့ လယ်ဦးရွာဟာ ဆိုရင် ရွာ ၇ ရွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ရလာတဲ့အခါမှာ အလှည့်ကျတွေ ဆောင်ရွက်ရတဲ့အတွက် ကျနောတို့ လယ်ဦးရွာမှာ လိုအပ်ချက်တွေ များပြားနေပါတယ်။ အခုလို နိုင်ငံတော်က ချမှတ်ပေးတဲ့ Covid-19 ရောဂါ ကာလ စီးပွား‌ရေး ကုစားမှု အစီအစဉ်အဖြစ် Cash for Work စီမံကိန်း ကျနော်တို့ ရွာကို ရောက်ရှိလာတဲ့အခါမှာ ကျေးရွာသူ ကျေးရွာသားတွေ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကျနောတို့ ရွာလေးဟာ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ အိမ် ၁၂၄ အိမ်ရှိပေမယ့် ကျတော်တို့ ရွာက ရွေးချယ်ခဲ့တဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်းကို တစ်လကျော်အတွင်းမှာ အပြီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလမ်းဟာ အရှည် ၉၇၅ ပေ ရှိပြီးတော့ အုတ်စီ ရေမြောင်း မြေကာ နံရံကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုလို ဆောင်ရွက်ခဲ့ တာဟာ ကျေးရွာသူ ကျေးရွာသားတွေ အားလုံး စိတ်အားထက်သန်မှု၊ ကြိုပမ်းဆောင်ရွက်မှု၊ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခုလို အချိန်တိုအတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း ပြီးစီးသွားတဲ့အတွက် ကျနော်တို့ ရွာလမ်းလေးဟာ အရင်ကနဲ့ မတူပဲ ရာသီမရွေး သွားလာနိုင်တဲ့ လမ်းလေး ဖြစ်သွားပြီ၊ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ မိုးခေါင်နေတဲ့ အခြေအနေကိုပါ ကြုံတွေ့နေရတဲ့ အတွက် ဝင်ငွေ နည်းပါးနေခဲ့ရပါတယ်။ အခုလို ဒီစီမံကိန်းက လုပ်အားခတွေ ရရှိတဲ့အတွက် ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းကြီး ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ကျနော်တို့ ရွာလမ်းလေး သာယာ လှပ ရုံသာမက ရွာလူထု အနေနဲ့ ပူးပေါင်း ဆောင်ရွက် တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိခဲ့ပါတယ်။ အခုလို ကျနော်တို့ ကျေးရွာလေး သာယာလှပ ပြောင်းလဲသွားအောင် Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အစိုးရနဲ့ တာဝန်ယူဆောင်ရွက်ပေးတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကိုလည်း ကျနော်အနနဲ့ အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

အဲဒီ လယ်ဦးကျေးရွာလေးဟာ ချင်းပုံလူမျိုးအများစုနေထိုင်ကြပြီး ယခုCash For Work စီမံကိန်းနဲ့ ‌အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်းမှာ ပြီးစီးပြီဖြစ်တာကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ လူထုတွေက ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်း - တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage