မိုးနဲမြို့နယ်၌ Cash for Work စီမံကိန်းနှင့် ဆောင်ရွက်သော ကျေးရွာသုံးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိုးနဲ စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (Cash for Work) စီမံကိန်းနှင့် ဆောင်ရွက်နေသော ကျေးရွာသုံးရွာတွင် လုပ်ငန်းများဆောင်ရွက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် (Cash for Work) စီမံကိန်းကို မိုးနဲမြို့နယ်ရှိ နောင်လှိုင်ကျေးရွာအုပ်စု နမ့်ကော်ကျေးရွာ၊ ဝမ်နားကျေးရွာအုပ်စု ဆောင်ကျဲကျေးရွာ နှင့် ဟိုဟကျေးရွာအုပ်စု နားကဲ့ကျေးရွာတို့တွင် အရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၅ လက်မရှိ မြေသားလမ်းပြုပြင်ခြင်းနှင့် နားကဲ့ကျေးရွာခန်းမဆောင် ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (Cash for Work) စီမံကိန်းလုပ်ငန်းများကို ဇူလိုင် ၁၇ ရက်မှ စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း စီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်၍ ကျေးရွာသုံးရွာရှိ ဒေသခံပြည်သူ ၃၄၁ ဦး အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ ရရှိခဲ့ကြောင်း နှင့် (Cash For Work) စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်၏ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ကာ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးမှုကိုအထောက်အကူပြုသည့် စီမံကိန်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9767