သာယာဝတီမြို့နယ် ခေါပြင်ကွင်း ကျေးရွာမှာ Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ၂ ဘီးသွား ကွန်ကရစ်ခင်းခြင်း ပြီးစီး

Bago, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တောင်ဘို့ရှည် ကျေးရွာအုပ်စု ခေါပြင်ကွင်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာတွင်း ၂ ဘီးသွား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဇွန်လိုင်လ စတုတ္ထပတ်ကနေ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ယခု အခါမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ခေါပြင်ကွင်း ကျေးရွာတွင်း ၂ ဘီးသွား ကွန်ကရစ်လမ်း အရှည်ပေ ၂၄၂၀ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မ ထု ကွန်ကရစ် ခင်းခြင်း၊ အရှည် ၁၈၅၂ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၃ လက်မ မြေသားဖို့ ပြုပြင်ခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အင်ဂျင် နီယာတွေရဲ့ နည်းပညာ အကူအညီ အနီးကပ် ကြီးကြပ်မှုတွေနဲ့ ဒေသခံ ပြည်သူတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်တယ်လို့ သာယာဝတီ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ ဦးစီးအရာရှိ နည်းပညာ ဦးရန်ရှင်းအောင်ထံမှ သိရပါတယ်။

အဲဒီ ခေါပြင်ကွင်း ကျေးရွာမှာ ၂ ဘီးသွား ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုကို သာယာဝတီ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ နည်းပညာ ဦးရန်ရှင်းအောင်၊ အငယ်တန်း အင်ဂျင်နီယာ ၂ ဒေါ်သီရိ သက်စုနိုင်နဲ့ ဝန်ထမ်းတွေက ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး၊ လမ်းရေရှည် တည်တံ့ရေး ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ငြိမ်းသူ

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage