ကျောက်တန်းမြို့နယ် အတွင်းရှိ ကျေးရွာ (၅) ရွာတွင် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း စီးပွားရေး သက်ရောက်မှု အပေါ် ကျေးလက်နေပြည်သူများ ထိခိုက် ဆုံးရှုံးမှု လျော့နည်း သက်သာလာစေရေး အတွက် နိုင်ငံတော် အစိုးရရဲ့ အစီအမံနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်တန်း မြို့နယ်မှာလည်း ကျေးရွာ ၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာနဲ့ ပတ်သတ်ပြီး၊ ရန်ကုန် သတင်းဌာနခွဲမှ တင်ပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်မှ ချမှတ် ဆောင်ရွက်လျက် ရှိသော ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အစိတ်အပိုင်း တစ်ရပ် အဖြစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ Cash for Work စီမံကိန်းတွေကို ထိရောက်အောင်မြင်မှု ရှိစေဖို့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက် ရှိပြီး၊ Cash for Work စီမံကိန်းတွေကို တစ်နိုင်ငံလုံး ကျေးရွာပေါင်း ၂၄၀၀ ကျော် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“ကျနော်တို့ ကျောက်တန်း မြို့နယ်မှာ ဆိုရင် ကျေးလက်ဒေသမှာ ရှိတဲ့ ဒေသခံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင်လို့ Cash for Work စီမံကိန်း ဆောင်ရွက်လျက် ရှိပါတယ်။ ကျောက်တန်း မြို့နယ်အနေနဲ့ Cash for Work စီမံကိန်း ကျေးရွာ ၅ ရွာ ရရှိပါတယ်။ မိမိတို့ ကျေးရွာထဲမှာ အများသုံးတဲ့ သောက်သုံးရေကန် အတွက် ရေကန် ခြံစည်းရိုး ခတ်တဲ့ လုပ်ငန်း တွေ ဆောင်ရွက်ပါတယ်။ နောက်တစ်ခုက မိမိတို့ ကျေးရွာမှာ ရှိတဲ့ ရေမြောင်းတွေကို ဝါးကတ်တွေနဲ့ တုပ်ရိုက်ပြီးတော့ ဆောင်ရွက်တယ်။ တစ်ချို့ရွာတွေမှာ ဆိုရင် ရွာအဝင်နဲ့ ချောင်းဝ ရေထွက် မြောင်းမကြီးကို ဆောင်ရွက်တယ်။ တစ်ချို့ရွာတွေမှာ ဆိုရင် နိဗ္ဗာန်လမ်းတွေကို ယခင်က ကဇင်းရိုးတွေမှာ နိဗ္ဗာန်လမ်းတွေကို အမှီပြုပြီး သွားနေတဲ့လမ်းတွေကို ၆ ပေ အထိ ချဲ့ပြီးတော့ မြေသားတာဘောင် ဖို့တဲ့ လုပ်ငန်းတွေကို ကျနော်တို့က ဆောင်ရွက်ခဲ့ပါတယ်။ မိမိတို့ ကျေးရွာ မှာ ရှိတဲ့ ပြည်သူတွေကပဲ အမျိုးသား‌ရော အမျိုးသမီး‌ရော နေ့စဉ် ကျပ် ၆၀၀၀ ရရှိ ပြီး‌တော့ ဒါကိုဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်း အားဖြင့် ကျေးလက်ဒေသတွေမှာ ကိုဗစ်-၁၉ ကာလ မိသားစုတွေ ဝင်ငွေ အထိုက်အလျောက် ရရှိပြီးတော့ မိမိတို့ ကျေးရွာ လဲ ဖွံ့ဖြိုးတယ်။ ဖွံ့ဖြိုးတာနဲ့အတူ မိမိတို့ကလည်း ဒီ ကိုဗစ်-၁၉ ကာလမှာ ကျနော်တို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တစ်ရက်ကို အမျိုးသား၊ အမျိုးသမီး ကျပ် ၆၀၀၀ နှုန်းနဲ့ ရရှိတဲ့ အတွက်လည်း အများကြီး မိသားစု ဝင်ငွေ စီးပွားရေးကို ချောင်လည်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။”

Cash for Work စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူ ပြုခြင်း၊ ပြည်သူများ ချက်ချင်း ဝင်ငွေ ရရှိခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေး အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ လယ်ယာ သား၊ ငါး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။

“အဖွဲ့ဝင်အနေနဲ့ ပါတဲ့ အတွက် နေ့တိုင်းလဲ ဆင်းပေးပါတယ်။ တစ်နေ့ကို အဖွဲ့ဝင် လုပ်သားတွေနဲ့ အတူ တစ်နေ့ ၆၀၀၀ ကျပ် အတူတူပဲ ရပါတယ်။ ကျမတို့ ၇ လပိုင်းက စပါတယ်။ အလုပ်ချိန်က မနက် ၇ နာရီထိုးဆင်းပါတယ်။ ၁၁ ခွဲ သိမ်းပါတယ်။ တစ်ချက်ခွဲရင် ဆင်းပါတယ်၊ ညနေ ၅ နာရီထိုးရင် သိမ်းပါတယ်။ ကျမတို့ကတော့ အများကြီး ကျေးဇူးတွေ တင်ပါတယ်။ ဝမ်းလဲသာ ပါတယ်။” - ဒေါ်အေးအေးမြတ်၊ ညောင်ဝိုင်းလေး ကျေးရွာ။

“ အခုဆိုရင် ရေထွက်မြောင်းတွေကိုပေါ့နော်၊ အစတုန်းကဆို ပိတ်ဆို့ပြီးတော့ ရေတွေက လမ်းတွေကို ကျော်တယ်။ အခုလို ကျေးလက်ကနေပြီးတော့ သိန်း ၁၀၀ ချပေးတဲ့အတွက် ကျနော်တို့ ဒီရေထွက်မြောင်းတွေကို အခုလို တူးဖော်တဲ့အတွက် ရေစီးရေလာ ကောင်းအောင် ခြုံနွယ် ပိတ်ပေါင်းတွေ အကုန်လုံးကို ရှင်းတယ်။ ရေထွကပ်မြောင်းတွေကို တူးတယ်၊ အခုလိုကာတယ်။ တစ်နေ့ကို ကျနော်တို့ ကျပ် ၆၀၀၀ နှုန်းနဲ့ စီးပွားရေး အဆင်ပြေ တဲ့အတွက် ဒါလေးတွေ ချပေးတဲ့ အတွက် ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းကောင်းလဲ ရပါတယ်။ အကုန်လုံးလဲ အဆင်ပြေပါတယ်။” - ဦးအောင်နိုင်စိုး၊ ဘိုးဘ ကျေးရွာ

ကျေးရွာ တစ်ရွာလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး၊ ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ အနက် စီမံကိန်း အကောင်အထည်ဖော်ရာတွင် ၄၀ ရာခိုင်နှုန်းကို ပစ္စည်း ဝယ်ယူရာမှာ အသုံးပြုရမှာ ဖြစ်ပြီး၊ ကျန် ၆၀ ရာခိုင်နှုန်းကိုတော့ လုပ်အားခအတွက် အသုံးပြုရမှာ ဖြစ်ပါတယ်။

#CFW, #CERP, #DRD, #MOALI

Credit- MRTV Media Coverage

https://youtu.be/Z6F_ciCVN80

https://www.mrtv.gov.mm/mm/news-85420