ဥတ္တရသီရိ မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in Oke Ta Ra Thiri Completed 100 Percent

Naypyitaw, 24 September 2020, Ministry of Information

ဥတ္တရသီရိ စက်တင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်း ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှု အခြေအနေအား ယမန်နေ့က ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၈)ရွာတွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၈၀၀) ဖြင့် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ မြေသား ရေမြောင်း တူဖော်ခြင်း၊ ရိစာခင်းခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ ရေပိုက် သွယ်တန်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း စသည့်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနက လိုအပ်သော နည်းပညာများ ပံ့ပိုးပေးပြီး ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဝင်ရောက် လုပ်ကိုင်စေ၍ လုပ်အားခ ပေးချေခြင်း စနစ်ဖြင့် ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ သိရသည်။

ထို့ပြင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ (၁၀) ရွာတွင် ဆောင်ရွက်လျက် ရှိသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာ (၃) ရွာ တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များလည်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12629